Golden Era of Buddhism ဗုဒ္ဓဘာသာရွှေခေတ်

ဆရာခင်ဗျာ ဗုဒ္ဓမြတ်စွာဘုရားက အိန္ဒိယအပြင်ဘက်ကို မရောက်ဖူးဘူးလို့ပြောကြတယ်။ သမိုင်းဆရာတချို့က။ မြန်မာပြည်မှာ ဘုရားဗျာဒိတ်တော်ပေးခဲ့တယ်နေရာတွေ ခြေတော်ရာတွေက အမှန်မဟုတ်ဘူးလားဆရာ။

ဘယ်ဘာသာတရားကိုမဆို ပြောရတာ ခက်တယ်။ ဘာသာရေးသမားဆိုသူ တချို့က ဝါးလုံးခေါင်းထဲက မထွက်။ တချို့က ဝါးရင်းတုတ်ကိုင်ပြီး သူ့ဘာသာရေး ဟောတယ်။ ကျွန်တော်တင်ပြတာကိုလည်း ပယ်နိုင်ပါတယ်။

အမှန်ကို ဘာနဲ့သက်သေပြမလဲက အခက်ခဲဆုံးအရာတွေထဲက တခု။ ရှေးကျတာကို ရှေးဟောင်း သုတေသနနည်းနဲ့ စစ်ဆေးရတယ်။

မဟာယာနရော ထေရဝါဒပါ လက်ခံထားတာက အာသောကမင်းကြီးလက်ထက်က သုတေသနတွေအရ တည်ထားခဲ့တဲ့ ဗုဒ္ဓဘာသာ အမှတ်အသား အဆောက်အဦတွေ ဖြစ်တယ်။ အဲဒါတွေအားလုံးလိုလိုက မဇ္ဈိမဒေသလို့ခေါ်တဲ့ ပထဝီထဲမှာ တည်ရှိတယ်။ ဒါပေမဲ့ အာဖကန်နစ္စတန်မှာ တာလီဘန်တွေက ဗုံးခွဲဖျက်ဆီးလိုက်တဲ့ Buddhas of Bamiyan တွေလည်း အထင်အရှားရှိခဲ့တယ်။

Ashoka အာသောကမင်းဟာ အိန္ဒိယတိုက်ငယ်မှာ Maurya Dynasty မောရိယမင်းဆက်ကိုတည်ထောင်သူဖြစ်တယ်။

BCE 268 ကနေ 232 အထိဖြစ်တယ်။

မြတ်စွာဘုရား ဖွားမြင်တော်မူရာ၊ ဘုရားဖြစ်တော်မူရာနဲ့ ပရိနိဗ္ဗာန်စံတော်မူရာဒေသဖြစ်တဲ့ အိန္ဒိယကနေ ဗုဒ္ဓဘာသာ ကွယ်ပျောက်ရခြင်းဟာ တဖြည်းဖြည်းသဘောဖြစ်တယ်။ ၁၂ ရာစုမှာ အပြီးသတ်ကွယ်ပသွားတယ်။ အကြောင်းတရား အမျိုးမျိုးကြောင့် ကွယ်ခဲ့ရတာဖြစ်တယ်။

၁။ Gupta Empire (320–650 CE) ဂူးပတာအင်ပါယာနောက်မှာ တိုင်းပြည်က တစုတည်းမဟုတ်တော့ပါ။ အဲဒါကနေ စတင်တယ်။ ဒေသအလိုက်ဘုရင်တွေက Hindu Brahmins ဟိန္ဒူဘရာမင်တွေကို ဆရာတင်ကြတယ်။

၂။ ဒုတိယအချက်ကတော့ အိန္ဒိယမြောက်ပိုင်းကို Indo-Iranian Huns, White Huns, Sunni Muslim Turkic-Mongolians, Arabs နဲ့ Persians တွေကကျူးကျော်ဝင်ရောက်သိမ်းပိုက်ခြင်းဖြစ်တယ်။

၃။ ဗုဒ္ဓဘာသာ အဆောက်အဦတွေ ဖျက်ဆီးခြင်း ခံရတယ်။ ဘာသာရေးနှိပ်ကွပ်မှုတွေခံရတယ်။ Hinduism ဟိန္ဒူနဲ့ Islam အစ္စလမ်ဘာသာတွေက အနိုင်ယူလာတယ်။ အကြီးမားဆုံးထိုးနှက်ခံရမှုတွေကတော့ -

၎။ Islamization of Bengal ဘင်္ဂလားဒေသကို အစ္စလမ်ဘာသာပြောင်းခြင်း၊

၅။ Nalanda နာလန္ဒာ၊ Vikramasila နဲ့ Odantapuri တွေကို Delhi Sultanate ဒေလီစူလ်တန်ရဲ့ စစ်သူကြီး Muhammad bin Bakhtiyar Khalji ကဖျက်ဆီးခြင်း။

185 BCE မှာ ဟိန္ဒူဘာသာဝင် Pushyamitra Shunga ကနေ Pataliputra ပါဋလိပုတ်မှာရှိတဲ့ Ashokan pillared hall and the Kukutarama monastery တွေကိုဖျက်ဆီးပြီး ဗုဒ္ဓဘာသာ မောရိယအင်ပါရာကို အဆုံးသတ်လိုက်တယ်။ သူကလည်း မောရိယစစ်သူကြီး။ Brihadratha Maurya ဘုရင်ကို သတ်ပြီး ဘုရင်လုပ်တဲ့သူ။ ဗုဒ္ဓဘာသာဝင်တွေကို နှိပ်ကွပ်အရေးယူသူ။

ပါရှားဒေသမှာ 224 CE ကစပြီး Zoroastrianism ဘာသာရေးထွန်းကားလာတယ်။ တခြားဘာသာတွေကို နှိပ်ကွပ်တယ်။ ဗုဒ္ဓဘာသာ အနောက်ဘက်ဆီပြန့်လာနိုင်ခြင်းကို တားဆီးရာကျတယ်။ ဗုဒ္ဓရုပ်ပွါးတော်တွေ ဖျက်ဆီးတယ်။ တချို့ Sassanids ဘုရင်တွေက ဗုဒ္ဓဘာသာကို သီးခံတယ်။ Buddha statues at Bamiyan ဘာမီယန်ဒေသမှ ကြီးမားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ကြီးနှစ်ခု ထုလုပ်တာ ခွင့်ပြုတယ်။ Lokottaravada နောက်လိုက်တွေက တည်ထား ကိုးကွယ်ကြတာ ဖြစ်တယ်။ ၆ ရာစုနှစ်က။ ဘာဘူးမြို့နဲ့ ၈၁ မိုင်ဝေးတယ်။ ၁၈၀ ပေနဲ့ ၁၂၅ ပေမြင့်တယ်။ ကာဗွန်စစ်နည်းအရ အသေးက 570 AD လောက်ကနဲ့ အကြီးက 618 AD လောက်က တည်ထားတာလို့သိရတယ်။ ပုဂံပြည်ကို ဗုဒ္ဓဘာသာ မရောက်သေးပါ။

အဲဒီနောက် Kirder ဆိုသူ Zoroastrian ဘာသာရေးခေါင်းဆောင်ကနေ အာဖကန်မှာရှိတဲ့ ဗုဒ္ဓဘာသာ အဆောက်အဦတွေကို ဖျက်စေတယ်။ သူသေတော့ ဗုဒ္ဓဘာသာပြန်ထွန်းကားလာနိုင်ပြန်တယ်။

အာဖကန်မှာ Taliban တာလီဘန်တွေကြီးစိုးတော့ ဘာမီယန်ဒေသက ဗုဒ္ဓရုပ်ပွါးတော်ကြီးတွေကို တာလီဘန်ခေါင်းဆောင် Mullah Mohammed Omar အမိန့်အရ ၂၀၀၁ ခု မတ်လမှာ ဗုံးခွဲဖျက်ဆီးလိုက်တာဖြစ်တယ်။

ဗုဒ္ဓဘာသာဟာ အိန္ဒိယမှာ နှိမ်နင်းခံရတော့ သီရိလင်္ကာကို ရောက်လာတယ်။ နောက် မြန်မာပြည်အပါအဝင် အရှေ့တောင် အာရှကို ရောက်တယ်။ အရှေ့အာရှကိုလည်း ရောက်တယ်။ အာရှတိုက်အလယ်ပိုင်းလည်းရောက်တယ်။ တခြား ဒေသတွေကို ရောက်တာက ကိုးကွယ်သူတွေ ရောက်လာနေထိုင်ရာကနေသာ ဖြစ်တယ်။

မဇ္ဈိမဒေသပြင်ပနေရာတွေကို ဗုဒ္ဓဘာသာပြန့်တာက ဘုရားရိနိဗ္ဗာန်စံပြီးမှဖြစ်တယ်လို့ပြောတာ မမှားလောက်ပါ။ ရှေးဟောင်းပစ္စည်းတွေရဲ့ သက်တမ်းကို Carbon-14 ကာဗွန်-၁၄၊ ဒါမှမဟုတ် Radiocarbon ရေဒီယိုကာဗွန် ခေါ်တာနဲ့ ခန့်မှန်းရတယ်။

ဘာသာရေးမှာ လူတွေလက်ခံယုံကြည်နေကြတာကို ကန့်လန့်တိုက်သလိုလုပ်တာလည်း မသင့်ပါ။ ဘယ်အရာမဆို အဆုံးမှာ ပျက်စီးကွယ်ပျောက်ရတယ်။ အမှန်တရားလည်း ပါတယ်။

ဒေါက်တာတင့်ဆွေ

၅-၁-၂၀၂၁


Comments

Popular posts from this blog

Coronavirus

Covid-19 သတင်း